Monday, January 25, 2016

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ငြိမ်းချမ်းရေးညီလာခံ သြ၀ါဒကထာအပြည့်အစုံ (မြန်မာပြန်)

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ငြိမ်းချမ်းရေးညီလာခံ သြ၀ါဒကထာအပြည့်အစုံ (မြန်မာပြန်)
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

ဒီနေ့ ကမ္ဘာကြီးရဲ့ အခြေနေဟာ ရုန်းရင်းဆန်ခတ် အနှောက်ယှက်တွေနဲ့ ပြည့်နေပြီး လူတွေ၊ သတ္တ၀ါတွေဟာ အကြောက်တရားနဲ့ နေထိုင်နေကြရတယ်။ လိုချင်တာတွေ ဆုံးရှုံးသွားမှာ ကြောက်နေကြရသလို လိုချင်တာတွေ မရမှာလည်း ကြောက်နေကြရတယ်။ စိတ်ထဲမှာ ဒီလို
အကြောက်တရားမျိုးကို ဖယ်ရှားပြီး ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်မှသာ ကမ္ဘာကြီးဟာ ဆက်ပြီးရှင်သန်နိုင်မယ်။
ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး ကျော်ဇောထင်ရှားတဲ့ ပုဂ္ဂိုလ်အချို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ဒီနေရာမှာ ကိုးကားချင်တယ်။
"ငြိမ်းချမ်းရေး ဆိုတာ နေ့စဉ်၊ အပါတ်စဉ်၊ လစဉ် ဖြစ်ပျက်သွားတဲ့ ဖြစ်စဉ်တစ်ခုပါဘဲ။ သက်တမ်းရင့်နေတဲ့ အတားအဆီးတွေကို တဖြည်းဖြည်းတိုက်စားသွားပြီး ထင်မြင်ယူဆချက်တွေကို ဖြည်းဖြည်းချင်း ပြောင်းလဲပေးမယ်၊ ပြီးတော့ တိတ်တိတ်ကလေး ဘဲ သစ်လွင်တဲ့ ပုံစံသစ်၊ ဖွဲ့စည်းပုံအသစ်တွေကို တည်ဆောက်သွားပါလိမ့်မယ်။ '' (ဂျွန်၊ အက်ဖ်၊ ကနေဒီ)
"ငြိမ်းချမ်းရေး ဆိုတာ အကျပ်ကိုင်ပြီး ထိန်းသိမ်းလို့ မရဘူး၊ နားလည်မှုနဲ့သာ အောင်မြင်အောင် ထိန်းသိမ်းထားနိုင်မှာ
ဖြစ်တယ်။ (အဲလ်ဘတ် အိုင်းစတိုင်း)
''အမှောင်ထုကို အမှောင်ထုနဲ့ မောင်းထုတ်လို့ မရနိုင်ဘူး၊ အလင်းရောင်နဲ့သာ အမှောင်ထု ကို မောင်းထုတ်နိုင်တယ်။
အမုန်းတရားကို အမုန်းတရားနဲ့ မောင်းထုတ်လို့ မရနိုင်ဘူး၊ အမုန်းတရားကို ချစ်ခြင်းမေတ္တာနဲ့သာ မောင်းထုတ်နိုင်တယ်။"
(မာတင်လူသာကင်း)
''ဒေါသ ကို ဒေါသနဲ့ မအောင်မြင်နိုင်ဘူး၊ မေတ္တာတရားနဲ့သာ ဒေါသကိုအောင်နိုင်တယ်။'' (ဗုဒ္ဓမြတ်စွာ)
ဒီကိုးကားချက်တွေကနေ ငြိမ်းချမ်းရေး ဆိုတဲ့ အဓိပ္ပါယ်ကို စိတ်အစဉ်မှာ ကိန်းအောင်းနေတဲ့ ကိလေသာတရားများမှ ကင်းဝေးစင်ကြယ်မှုလို့အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ်။
''ငြိမ်းချမ်းသော'' ဆိုတဲ့ စကားဟာ နေရာတစ်ခုကို အထူးပြုနိုင်သလို စိတ်ကိုလည်းအထူးပြုနိုင်တယ်။ ငြိမ်းချမ်းသောနေရာ သို့မဟုတ် ငြိမ်းချမ်းသော စိတ် ဖြစ်မယ်ပေါ့။ ငြိမ်းချမ်းတဲ့ နေရာတစ်ခုဟာ ငြိမ်းချမ်းတဲ့ စိတ်ဖြစ်အောင် အခြေနေတွေ ဖန်တီးပေးနိုင်သလို၊
ငြိမ်းချမ်းတဲ့စိတ်ကလည်း ငြိမ်းချမ်းတဲ့ နေရာ ဖြစ်အောင် အခြေနေတွေကို ဖန်တီးပေးနိုင်ပါတယ်။
ဒါပေမဲ့ နေရာဒေသတစ်ခုမှာ နေထိုင်သူတွေရဲ့ စိတ်အစဉ်ဟာ ငြိမ်းချမ်းနေမှသာ အဲဒီနေရာဟာ ငြိမ်းချမ်းရေးရရှိမှာဖြစ်ပါတယ်။
ငြိမ်းချမ်းတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းတဲ့ အငွေ့အသက်၊ အခြေနေတွေကို ဖန်တီးပေးတယ်။ အဲဒီ နှစ်မျိုးဟာ အပြန်အလှန်
အညမည သဘောဆောင်နေပါတယ်။
သို့ပေမဲ့ စတင်ပြီး ငြိမ်းချမ်းအောင် ပြုလုပ်ဖို့ လိုတာက မိမိတို့ရဲ့ စိတ်အစဉ်ဘဲဖြစ်ပါတယ်။ ဘာကြောင့်တုန်းဆိုတော့ မိမိတို့ရဲ့စိတ်အစဉ်ကိုငြိမ်းချမ်းအောင် စတင်အားမထုတ်ဘဲနဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်လို့ပါဘဲ။
ပုံစံမျိုးစုံတွေ့ကြုံနေကြရတဲ့ ရုတ်ရင်းဆန်ခတ်ဖြစ်မှု အားလုံးရဲ့ ရင်းမြစ်ဟာ မကောင်းမူ အကုသိုလ်ကံတွေဖြစ်တယ်။ ဒီ အကုသိုလ်ကံတွေဟာစိတ်ပိုင်းဆိုင်ရာ ဖြစ်ရင်ဖြစ်မယ်၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ရင်ဖြစ်မယ်။ အဲဒီ မကောင်းမူ အကုသိုလ်ကံတွေရဲ့ အရင်းမြစ်ကတော့ ''မသိမူ''
အ၀ိဇ္ဇာ နဲ့ ''တွယ်တာတပ်မက်မူ'' တဏှာ၊ အဲဒီ နှစ်ပါးဖြစ်တယ်။
တခါတရံ မကောင်းမူအကုသိုလ်ကံတွေကို မကောင်းမူမှန်းမသိလို့ ပြုမိကြတယ်။ တခါတရံ အဲဒီမကောင်းမူတွေကကိုယ့်အတွက်သာယာတပ်မက်ဖွယ်ကောင်းနေလို့လည်း ကျူးလွန်မိတတ်ကြတယ်။ ''အ၀ိဇ္ဇာ နဲ့ တဏှာ'' တို့ရဲ့ ဦးဆောင်မူနဲ့ လူတွေဟာ ဆင်းရဲမူဘ၀သံသရာမှာ တ၀ဲလည်လည် လည်ပတ်နေကြရတယ်။ အဲဒီ အ၀ိဇ္ဇာနဲ့ တဏှာ ရင်းမြစ်နှစ်ခုကို ပညာလက်နက်နဲ့ ဖြတ်တောက်ပစ်နိုင်ပါတယ်။ ပဋိဝေဓ ပညာလို့ခေါ်တဲ့ ကိုယ်တိုင်ထိုးထွင်းသိမြင်နိုင်တဲ့ ပညာရရှိဖို့တော့ တည်ဆောက်ယူဖို့လိုအပ်ပါတယ်။
ပြီးတော့ သတိပဋ္ဌာန်တရား (၄) ပါးကို ပွားများအားထုတ်ခြင်းဖြင့် အဲဒီ အ၀ိဇ္ဇာ၊ တဏှာဆိုတဲ့ ဆင်းရဲမူရင်းမြစ် နှစ်ခုကို အားအင်ချိနဲ့စေပြီး နောက်ဆုံးမှာ မိမိတို့ဟာ အမြစ်ပြတ် ပယ်ရှားပစ်နိုင်ပါလိမ့်မယ်။ သတိပဋ္ဌာန် တရားဟာ ပညာကို တိုးပွားစေတယ်၊ အဲလိုတိုးပွားလာတဲ့ပညာဟာ မသိမူ (အ၀ိဇ္ဇာ) နဲ့ တွယ်တာတပ်မက်မူ (တဏှာ) ကို အားအင်ချိနဲ့စေပြီး ဖျက်ဆီးဖယ်ရှားပစ်ပါတယ်။ဒါကြောင့်မို့လို့ ရုပ်ပိုင်း၊ နာမ်ပိုင်းဆိုင်ရာ ရုတ်ရင်းဆန်ခတ်ဖြစ်မူ အမျိုးမျိုးက ကင်းဝေးတဲ့ ငြိမ်းချမ်းရေး ကို ပညာဖြင့်သာ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ပညာဆိုတာ တွေ့ကြုံနေသမျှ အရာတွေကို ပုဂ္ဂလိက အစွဲတွေမပါဘဲ ဖြစ်ပေါ်နေတဲ့ သဘာဝအတိုင်း မှန်ကန်စွာသိမြင်မူကို ဆိုလိုပါတယ်။
အကယ်၍ အရာဝတ္ထု တစ်ခုကို ပုဂ္ဂလိကအစွဲတွေနဲ့ ''ငါ့ဟာဘဲ၊ သူ့ဟာဘဲ " စသည်ဖြင့်ရူမြင်မယ်ဆိုရင် အဲလိုရူမြင်သူမှာ အတ္တစွဲသဘောထားအမြင် ဖြစ်ပေါ်လာပါတယ်။ အဲလို အတ္တဗဟိုပြုတဲ့ သဘောထားအမြင်နဲ့ သူဟာ လုပ်သမျှ သူ့အတွက် ဘဲလုပ်တော့တယ်။ ဒီလိုလုပ်ပါများလာတဲ့အခါ သူ့ရဲ့ စိတ်အစဉ်မှာ ''ကြင်နာသနားမူ၊ ကိုယ်ချင်းစာတရား'' စတဲ့ ကောင်းမွန်တဲ့ အရည်အသွေးတွေ ဆုံးရှုံးသွားရ
ပါတယ်။ အဲဒီ ပုဂ္ဂိုလ်ရဲ့ သူ့ ပတ်ဝန်းကျင်က လူတွေ၊ သတ္တ၀ါတွေကို အကြင်နာမဲ့စွာ ဆက်ဆံမူတွေဟာ သူနေထိုင်တဲ့ လူ့အဖွဲ့စည်းမှာ ငြိမ်းချမ်းရေး ပျက်ပြားစေဖို့အတွက် ကြီးမားတဲ့ အနှောက်ယှက် အတားအဆီးတွေဖြစ်လာပါတယ်။ အဲဒီလိုဘဲ လူတစ်ယောက်ရဲ့ စိတ်အစဉ်မှာ ဖြစ်ပေါ်နေတဲ့ ကရုဏာ ဆိုတဲ့ ကြင်နာမူဟာ သူနေထိုင်ရာ လူ့အဖွဲ့စည်းမှာ ငြိမ်းချမ်းရေးကို ဖန်းတီးပေးသလို တိုးပွားခိုင်မာစေပါတယ်။
ဒါကြောင့် ဒီနေရာမှာ သတိပြုစရာက ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး ဖန်တီးတဲ့သူဆိုတာ "ကရုဏာနဲ့ ပညာ'' ဒီနှစ်ပါးနဲ့ ပြည့်စုံတဲ့သူသာ ဖြစ်တယ်ဆိုတာပါဘဲ။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ လို့ခေါ်တဲ့ ဗြာဟ္မ၀ိဟာရတရားတွေ မိမိတို့ရဲ့ စိတ်အစဉ်မှာ ကိန်းအောင်းတည်ရှိနေမှသာလျှင် ကမ္ဘာကြီးဟာ
အမှန်တကယ် ငြိမ်းချမ်းရေး ရရှိဖို့ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ ဗြာဟ္မ၀ိဟာရတရားတွေ မရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်အစဉ်ဟာ ရုတ်ရင်းဆန်ခတ်ဖြစ်နေပြီးအဲဒီ ရုတ်ရင်းဆန်ခတ်ဖြစ်မူဟာ အလွန်ကူးစက်လွယ်တဲ့ ရောဂါတစ်ခုလို သူ့ပတ်ဝန်းကျင်ကို ကူးစက်ပြန့်နှံ့သွားမှာဖြစ်ပါတယ်။ အဲဒီ ဗြာဟ္မ၀ိဟာ
ရတရားတွေကိုသာ ပွားများနေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အခြားသူတွေအပေါ်မှာ ထိခိုက်နာကျင်မူဖြစ်စေတဲ့ ဆက်ဆံမူမျိုးတွေကို ရှောင်ကြဉ်ပြီးသူတို့ကို အကူညီပေးမဲ့ ပုဂ္ဂိုလ်ဖြစ်လာပါလိမ့်မယ်။ အမှန်တော့ ဗြာဟ္မ၀ိဟာရ တရားတွေကို ပွားများနေထိုင်ခြင်းဟာ အခြားသူတွေကို ကိုယ်နဲ့
ထပ်တူပြုပြီး နေထိုင်ခြင်းဖြစ်ပါတယ်။ မိမိကိုယ် မိမိ ချမ်းသာအောင် ပြုမူသလိုမျိုးဘဲ အခြားသူတွေကိုလည်း ချမ်းသာအောင် ပြုမူဆက်ဆံခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူတိုင်းဟာ ဒီလို စိတ်အရည်သွေးမျိုးသာ ရှိနေကြမယ်ဆိုရင် ကမ္ဘာကြီးဟာ ဘယ်လောက် ငြိမ်းချမ်းနေမလဲဆိုတာ
စိတ်ကူးကြည့်နိုင်ပါတယ်။
အချို့ပုဂ္ဂိုလ်တွေရဲ့ စိတ်အစဉ်ကို ဘယ်အရာကမှ အေးငြိမ်းနေတဲ့အခြေနေကနေဖောက်ပြန်သွားအောင် မပြု နိုင်ဘူး။ ငြိမ်းချမ်းမူဟာ ဒီလို ပုဂ္ဂိုလ်တွေမှာ အမြဲရှိနေတဲ့ စိတ်အရည်အသွေးတစ်ခုဖြစ်တယ်။ ဗုဒ္ဓဘာသာအသုံးနူန်းအရ ဒီပုဂ္ဂိုလ်တွေကို ''အရဟတ္တ'' ညဏ်အလင်းရရှိသွားတဲ့သူတွေ၊ ရဟန္တာပုဂ္ဂိုလ်တွေလို့ ခေါ်တယ်။ သူတို့ရဲ့ ဗောဓိဥာဏ် အလင်းတန်းဟာ အဆုံးစွန်သော ငြိမ်းချမ်းမူဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒီလို နိဗ္ဗာန်ချမ်းသာဆိုတဲ့ အငြိမ်းဓါတ်ကြီးကို မျက်မှောက်ပြုခြင်းဟာ ရဟန္တာပုဂ္ဂိုလ်တွေရဲ့စိတ်အစဉ်ကို ငြိမ်းအေးစေပြီး သူတို့ကို ဖူးတွေ့ကြရတဲ့သူတိုင်း ငြိမ်းအေးမူကို ခံစားကြရပါတယ်။
သို့သော်လည်း ပတ်ဝန်းကျင်က လူတွေ၊ အရာဝတ္ထုတွေရဲ့ နှောက်ယှက်ဖျက်ဆီးမူတွေကြောင့် လူတစ်ယောက်ရဲ့စိတ်ဟာ ဖောက်ပြန်ပြောင်းလဲသွားမယ်ဆိုရင်တော့ အဲဒီလူဟာ အဆုံးစွန်သော ငြိမ်းချမ်းမူဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ဦးတည်လျှောက်လှမ်းဖို့ ခက်ခဲသွားပါလိမ့်မယ်။
ဒါကြောင့်မို့ မိမိတို့ဟာ ပထမဆုံး မိမိ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းတဲ့ ကမ္ဘာဖြစ်အောင် ဖန်တီးဖို့လိုအပ်ပါတယ်။ ဒီလိုဖန်တီးဖို့ မိမိတို့ရဲ့ စိတ်အစဉ်မှာ ငြိမ်းချမ်းမူတည်ဆောက်ခြင်းဖြင့် စတင်ရပါမယ်။ အစမှာတော့ အားကောင်းမှာမဟုတ်သေးဘူး၊ တဖြည်းဖြည်း ပွားများအားထုတ်ခြင်းဖြင့် မိမိတို့ရဲ့ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားစေနိုင်အောင် အားကောင်းလာပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
အဲလို ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးမှာ မိမိတို့ဟာ ပျော်ရွှင်ငြိမ်းချမ်းစွာနေထိုင်ကြပြီး ဘယ်အရာကမှ နှောက်ယှက်ဖျက်စီးလို့ မရနိုင်တဲ့ အဆုံးစွန်ဆုံး
ငြိမ်းချမ်းမူဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ရန် ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒါဟာ ဓမ္မလမ်းစဉ်ရဲ့ပန်းတိုင်ဖြစ်ပြီး ဒီလမ်းစဉ်အတိုင်းလျှောက်လှမ်းကြဖို့လိုပါတယ်။ ဗုဒ္ဓမြတ်စွာက "ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ'' "ကောင်းစွာ ပွားများအားထုတ်ထားတဲ့ တရားတော်ဟာ ချမ်းသာပျော်ရွှင်မူကို ဖြစ်စေတယ်'' လို့ ဟောကြားတော်မူခဲ့ပါတယ်။
ဆရာတော်အနေနဲ့ ဒီ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံကြီးဟာ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် အကူညီပေးလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ တွေ့ဆုံဆွေးနွေးခြင်း၊ ဗဟုသုတ၊ အတွေ့ကြုံ၊ အတွေးအမြင်တွေကို မျှဝေခြင်းဖြင့် အားလုံးရဲ့ တူညီသောပန်းတိုင်ဖြစ်တဲ့ "ငြိမ်းချမ်းရေး'' ပန်းတိုင်သို့ အတူလက်တွဲကာအားထုတ်ရွက်ဆောင်ကြရမည်ဖြစ်ပါကြောင်း ။ ။
ကျေးဇူးတင်လျက်။
၂၂- ဇန်န၀ါရီလ-၂၀၁၆
ဒေါက်တာ နန္ဒမာလာဘိဝံသ
(ဘာသာပြန်ရေးသားပူဇော်သူ-----Bhikkhu Kesara)
Credit-----Bhikkhu Kesara

0 comments:

Post a Comment

 
Copyright © . Myanmar National Chronicle - Posts · Comments
Theme Template by BTDesigner · Powered by Blogger