Tuesday, January 26, 2016

နိုင်ငံတော်အကြီးအကဲတာဝန်ပြောင်းလဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရုံးအမှတ်(၁၈)အစည်းအဝေးခန်းမတွင် ဆွေးနွေးနေစဉ် (PHOTO >>> MOI)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၊ နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အသွင် ကူးပြောင်းရေး အဖွဲ့တို့ အကြား ဒုတိယ အကြိမ် ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ရုံးအမှတ်(၁၈)၊ အစည်းအဝေး ခန်းမတွင် ၂၀၁၆ခုနှစ် ဇန်န၀ါရီလ ၂၆ရက်နေ့က ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီမှ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၊ ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အသွင်ကူးပြောင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်၊ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ မျိုးအောင်နှင့် ဒေါက်တာ အောင်သူတို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
အစည်းအဝေးတွင် နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းသည့် အခမ်းအနား ကျင်းပမည့် အစီအစဉ် လျာထားချက်များ၊ ဝန်ကြီးဌာန အချို့၏ ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ တာဝန်လွှဲပြောင်းမှု အဆင်ပြေ ချောမွေ့ရေး ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များ၊ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ဖေဖော် ဝါရီလအတွင်း နှစ်ဘက် ညှိနှိုင်း ကျင်းပနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

MNC

0 comments:

Post a Comment

 
Copyright © . Myanmar National Chronicle - Posts · Comments
Theme Template by BTDesigner · Powered by Blogger