Saturday, January 21, 2017

ပြုပြင်ပြောင်းလဲရေးဆိုတာ

ပြုပြင်ပြောင်းလဲရေးဆိုတာ
■■■■■■■■■■■■■■■■■■■■
ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံကြီးနဲ့ တက်လာတဲ့ အစိုးရ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပါတယ်ဗျ။ ပြုပြင်သင့်တာကို ပြုပြင် ပြောင်းလဲသင့်တာကို ပြောင်းလဲရမှာလည်း အမှန်ပါပဲဗျ။ သို့ပေသော် စဉ်းစားရမှာတော့ ရှိပါတယ်။ ဗြုန်းစားကြီး ပြုပြင်ပြောင်းလဲလို့ သင့်တော်၏/မတော်၏ ဆိုတာကိုလည်း စဉ်းစားဖို့တော့ လိုမယ်လို့ မြင်မိပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်က ရန်ကုန်မြို့နယ်အတွင်း ပြေးစွဲနေတဲ့ မထသတွေကို ဖျက်သိမ်းပြီး YBS နဲ့ အစားထိုးမယ်ဆိုတော့ ကားသစ်တွေ မြောက်များစွာ သွင်းထားလို့များလား၊ အသင့်အနေအထား ဖြစ်နေလို့များလား၊ ပြုပြင်ပြောင်းလဲရေးကို သွားပြီး ထော်လော်ကန့်လန့် လုပ်လို့လည်း မသင့်ဘူးလေ။ သွားပြောမိရင်လည်း အဆဲခံ လွတ်မှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ့်အနေနဲ့ မဝေဖန်ပါဘူး။
အိမ်ကလူတွေ အလုပ်သွား အလုပ်ပြန် ဘာကားစီးရမှန်းမသိလို့ သူတို့ထုတ်ပြန်ထားတာတွေကို ပရင့် ထုတ်ပေးပါဆိုလို့ ထုတ်ပေးလိုက်ပါသေးတယ်။ အရင်က ၂၀၀ နဲ့ ရောက်တဲ့ခရီး အခုဘယ်လောက်တောင် ကုန်မလဲမသိဘူး။ လခစားတွေဆိုတော့လည်း တွက်ရတာပေါ့ဗျာ။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဖျက်သိမ်း/ အစားထိုး ကြေညာပြီးတဲ့ ကာလအတောအတွင်း လိုင်းကားတွေက ၁၀၀ ပိုတောင်းကြ၊ ၂၀၀ ပိုတောင်းကြတော့လည်း ပေးရတာပဲဗျ။ ကျွန်တော်တို့က ဖျက်သိမ်းခံရတော့မှာပါတဲ့လေ။ ခရီးသည်အချို့ကပြောကြတယ်။ "မင်းတို့က နောက်ဆုံးပိတ် အိပ်နဲ့လွယ် လုပ်နေကြတာလား" တဲ့။
ကားသမားတွေက စကားအကြောင်းသင့်ရင် ပြောကြတယ်။ ဒီလိုပုံစံ တစ်ပြိုင်တည်း လုပ်တာထက် အရှေ့ပိုင်းခရိုင်တစ်ခုကို စမ်းသပ်ကာလအဖြစ် စတင်၊ ပြီးတော့ အသားကျပြီ လိုအပ်ချက်တွေကို သိပြီဆိုရင် နောက်ထပ်လုပ်။ အခုက တစ်ပြိုင်တည်း လုပ်တာဆိုတော့ လုပ်တဲ့သူကတော့ ဘာမှမဖြစ်ဘူး။ ပြည်သူတော့ ဒုက္ခခံရအုံးမှာပေါ့တဲ့။
ဒီကနေ့ ၁၆-၁-၂၀၁၇ ရက်နေ့မှာပဲ မထသတွေ ရပ်ပြီး YBS တွေ ထွက်လာပါတော့တယ်။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို အားပေးတဲ့ လော်ဘီတချို့ လမ်းညွှန်အဖြစ် ဆောင်ရွက်ပေးကြပါတယ်။ တချို့ ကိုယ်ပိုင်ကား ရှိသူတွေက အဆင်မပြေတဲ့ သူတွေကို လိုက်ပို့ကြတာလည်း တွေ့ရပါတယ်။
မြင်တွေ့ရတာ ခရီးသွားပြည်သူတွေမှာ အတော်ကို အကြပ်အတည်း ဒုက္ခရောက်ရပုံပါပဲ။ ကားဂိတ်တွေမှာ လူတွေ စုပုံနေရုံမျှမက ယခင်က ကားကြပ်ပါတယ် ဆိုသည်ထက် အသက်ရှူရပ်လောက်အောင် ကြပ်ကြပ်တည်းတည်းကို ဒုက္ခခံပြီး စီးနေကြရတာကို မြင်တွေ့ရပါတယ်။
ကျွန်တော် ထင်ထားသလို မထသ လိုင်း ပြေးစွဲနေတာကို ဖျက်သိမ်းလိုက်တာတော့ မှန်ပေသည့် မထသ ကားဟောင်းတွေကိုပဲ ပြန်လည် ဆေးဆိုးပန်းရိုက် လုပ်ပြီး YBS တံဆိပ်ရိုက်ခိုင်းတာ။ ဘာများ ထူးခြားသွားသလဲ ဆိုတော့ ဆေးမရိုက်ရသေး/ YBS တံဆိပ်မရိုက်ရသေးတဲ့ ကားတွေ ထွက်မလာဘူး။ ပုံမှန်အနေအထားမှာတောင် ရုံးသွား၊ ရုံးပြန် ကြပ်ကြပ်တည်းတည်း တိုးစီးနေရတဲ့ လုပ်သားပြည်သူတွေ ငပိသိပ်သလို ဖိသိပ်ပြီး စီးကြရတော့တယ်။
ပြည်သူဆိုတာက စနစ်ရဲ့ သားကောင်ပါ။ အစိုးရတစ်ရပ်တက်လာရင် ထင်ရာမြင်ရာ လုပ်ကြည့်မယ်။ ပြုပြင်ပြောင်းလဲရေးလို့ ခေါင်းစဉ်တပ်မယ်။ အစီအစဉ်တကျ ဖြစ်နိုင်ပါ့မလား၊ ပြည့်စုံပါ့မလား ထည့်မစဉ်းစားဘဲ လုပ်တာတွေဟာ အခုလို အခက်ကြုံတွေ့စေပါတယ်။
ပြုပြင်ပြောင်းလဲရေးမှာ စမ်းသပ်ကာလ တစ်ခုဆိုတာ ရှိသင့်တယ်။ ထင်သလို လုပ်ရင်တော့ အခုလို ဖြစ်မှာပဲ။ ထင်သလို လုပ်တာကို အားပေးအားမြှေက်ပြုတဲ့သူကလည်း ရှိတာပဲ။ အားပေးအားမြှေက် မလုပ်ဘူးဆိုရင် တိုင်းဒေသကြီးအစိုးရအနေနဲ့ ထင်သလို လုပ်ခွင့်ရလိမ့်မယ်တော့ မထင်ဘူး။ အခက်အခဲ ဘာဖြစ်လာနိုင်သလဲ ဆိုတာကို မမြင်ရခြင်းအကြောင်းက လက်တွေ့မဆန်တဲ့ ခြင်းကြောင့်ပါပဲ။ ဖြိုးမင်းသိန်း ဝန်ကြီးဖြစ်သွားပြီလေ။ ဟန်ပြ လိုင်းကားပေါ်တက်စီးပြနေရုံနဲ့ အဆင်မပြေနိုင်ဘူး။ တစ်ပတ်လောက်၊ တစ်လလောက် လိုင်းကားစီးပြီး အလုပ်တတ်ကြည့်သင့်တာပေါ့။ ပြည်သူတွေ ဘယ်လောက်အထိ ဒုက္ခများပြီလဲဆိုတာ ဒါမှ ကိုယ်တိုင် သိကြမှာပေါ့။
ကောင်းပါတယ်လေ။ ပြည်သူ့အစိုးရ လုပ်ချင်ရာ လုပ်တာပဲ ပြည်သူတွေ ပြုံးပြုံးလေးသာ ခံပေတော့။

နောင်တော်လေး


0 comments:

Post a Comment

 
Copyright © . Myanmar National Chronicle - Posts · Comments
Theme Template by BTDesigner · Powered by Blogger