Tuesday, January 26, 2016

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့ကျင်းပ

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့ကျင်းပ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော် ဇန်န၀ါရီ ၂၆
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းဝေး ၃၈ ရက် မြောက်နေ့ကို ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင် ကျင်းပရာ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ (၂/၂၀၁၆) အပါအ၀င် အစီရင်ခံစာ (၆)ခု အား ဆွေးနွေးခြင်း၊ ဖတ်ကြား အတည်ပြုခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက် ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် သမ္မတရုံးမှ ပေးပို့သည့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် ရပ်ကွက် (၅) ရပ်ကွက် ပါဝင်သော အင်းမမြို့ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်း၊ ကျေးရွာအုပ်စု တစ်အုပ်စုနှင့် ကျေးရွာ ၁၆ ရွာ ပယ်ဖျက်ခြင်း၊ ကျေးရွာအုပ်စု တစ်အုပ်စု အမည်ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ကျေးရွာအုပ်စု တစ်အုပ်စု နယ်နိမိတ်ဧရိယာ ပြင်ဆင်ဖွဲ့စည်းခြင်း တို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာသည်။
ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် စပ်လျဉ်းသည့် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာ အပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (၂/၂၀၁၆) နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမျိုးမြင့် တို့က ပြန်လည် ရှင်းလင်းဆွေးနွေး ကြသည်။

ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က အမိန့် ကြော်ငြာစာ အရ Withholding Tax ဖြတ် တောက်ပေးသွင်းခြင်းမှာ ကြိုတင်ဝင်ငွေခွန် ပေးသွင်းခြင်းဖြစ်ပြီး အခွန် ပေးဆောင်ထားသူ များအနေဖြင့် အပြီးသတ် စည်းကြပ်မှု ခံယူရာတွင် ကြိုတင်ခွန် ပိုမိုပေးသွင်း ထားခြင်းဖြစ်ပါက ခုနှိမ်နိုင်ပြီး ပိုငွေကို ပြန်အမ်းငွေအဖြစ် ရရှိမည် ဖြစ်ပါကြောင်း၊ လျော့နည်း ပေးသွင်းထားခြင်း ဖြစ်ပါက ထပ်မံပေးဆောင် ရမည်ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် လုပ်ငန်းဆောင် ရွက်ခြင်းများတွင် အဖွဲ့အစည်းမှ ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်ပါက Withholding Tax ပေးဆောင်ရန် မလိုအပ်ဘဲ ပစ္စည်းဝယ်ယူခြင်းများ အပေါ် (၃)သိန်း ကျော်လွန်ပါက ကြိုတင် ၀င်ငွေခွန် ၂ ရာခိုင်နှုန်း ဖြတ်တောက် ပေးသွင်းရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ကိုယ်တိုင် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ကန်ထရိုက်တာ၊ ထပ်ဆင့် ကန်ထရိုက်တာ များဖြင့် လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပါက ၎င်းတို့အား ပေးချေငွေအပေါ် ကြိုတင်ဝင်ငွေခွန် ဖြတ်တောက် ပေးသွင်းရမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင် ရွက်ရာတွင် ပြင်ပ ပုဂ္ဂလိကများထံမှ ပစ္စည်းဝယ်ယူခြင်းများအတွက် ငွေကျပ် ၃ သိန်းအထက် ပေးချေငွေများကို တည်ဆဲ ၀င်ငွေခွန် ဥပဒေနှင့် အမိန့်ကြေညာစာ များအရ Withholding Tax ဖြတ်တောက် ပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုး ရေးရန်ပုံငွေဖြင့် မြို့နယ်များ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ ကန့်သတ်ချက်များကို ၀ိုင်းဝန်း ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်း များအပေါ် ၂ ရာခိုင်နှုန်း ကြိုတင် ၀င်ငွေခွန် ပေးဆောင်ရာတွင် လတ်တလော ကြုံတွေ့နေရ သည့် အခက်အခဲ၊ ကန့်သတ်ချက်များ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ်အလိုက် ပြည်တွင်း အခွန် ဦးစီးဌာနက ပူးပေါင်းဖြေရှင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအပေါ် ၂ ရာခိုင်နှုန်း ကြိုတင်ဝင်ငွေခွန် ဖြတ်တောက်ခြင်းကို ကင်းလွတ်ခွင့်ပြုရန် ကိစ္စမှာ အခြားသော ပုဂ္ဂလိက၊ အဖွဲ့အစည်း၊ ဌာနများ၏ ကြိုတင် ၀င်ငွေခွန် ဖြတ်တောက် ပေးသွင်းစေခြင်းတို့ နှင့်ဆက်စပ် နေသည့်အတွက် သီးခြားပြန်လည် ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်သင့် ပါကြောင်း ရှင်းလင်း တင်ပြသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမျိုးမြင့်က စာရင်းစစ်များသည် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းမှ ကိစ္စအလိုက် ချမှတ် ထားသည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ စစ်ဆေးရသူများ ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့် မညီသော ကိစ္စများကို နားလည်မှုနှင့် ဖြေလျှော့မျက်ကွယ်ပြု၍ မရပါကြောင်း၊ ပကတိ အခြေအနေ ဖြစ်ရပ်ကို စစ်ဆေး၍ တင်ပြရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘော ထားမှတ်ချက် အစီရင်ခံစာ (၂/၂၀၁၆) ကို အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ ကို ပူးပေါင်းကော်မတီ တွဲဖက် အတွင်းရေးမှူး ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာ မြတ်ဥာဏစိုးက ဖတ်ကြားတင်ပြပြီး ပြည်ထောင်စု လွှတ်တော် နာယက က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
ထို့နောက် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ်အတွက် စာရင်းစစ် အတည်ပြုပြီးသည့် အမှန်စာရင်း(Actual)များ နှင့်စပ်လျဉ်းသည့် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၅/၂၀၁၆) ကို ပူးပေါင်း ကော်မတီအဖွဲ့ဝင် ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးသိမ်းဆွေက ဖတ်ကြားတင်ပြပြီး ပြည်ထောင်စု လွှတ်တော်နာယက က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာ သည်။
ယင်းနောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ် ဒုတိယ(၆)လ စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များနှင့် အရေးယူ ဆောင်ရွက် ပြီးစီးမှုများ အစီရင်ခံစာ အပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၃/၂၀၁၆) နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ပါဝင်ဆွေးနွေးကြသည်။
အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေနှင့် သတ္ထုတွင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင် တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ပြည်ထောင်စု လွှတ်တော် နာယက က ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (၃/၂၀၁၆) ကို အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပထမအကြိမ် လွှတ်တော် သက်တမ်းကာလ အတွင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက် ချက်များ နှင့်စပ်လျဉ်း၍ သုံးသပ်အကြံပြုချက် အစီရင်ခံစာကို ပူးပေါင်းကော်မတီအဖွဲ့ဝင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်က ဖတ်ကြားတင်ပြရာ လွှတ်တော်က မှတ်တမ်း တင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက က ကြေညာသည်။
ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေပါ နိုင်ငံတော်၏ အရအသုံး စာရင်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၄/၂၀၁၆) နှင့်စပ်လျဉ်း၍ မင်းကင်း မဲဆန္ဒနယ်မှ ဒေါ်ခင်မွှေးလွင်က ဆွေးနွေးသည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းဝေး ၃၉ ရက် မြောက်နေ့ကို ဇန်န၀ါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

Credit To >>> MOI

0 comments:

Post a Comment

 
Copyright © . Myanmar National Chronicle - Posts · Comments
Theme Template by BTDesigner · Powered by Blogger