Tuesday, January 26, 2016

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့ကျင်းပ

- 0 comments
ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့ကျင်းပ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော် ဇန်န၀ါရီ ၂၆
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းဝေး ၃၈ ရက် မြောက်နေ့ကို ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင် ကျင်းပရာ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ (၂/၂၀၁၆) အပါအ၀င် အစီရင်ခံစာ (၆)ခု အား ဆွေးနွေးခြင်း၊ ဖတ်ကြား အတည်ပြုခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက် ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် သမ္မတရုံးမှ ပေးပို့သည့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် ရပ်ကွက် (၅) ရပ်ကွက် ပါဝင်သော အင်းမမြို့ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်း၊ ကျေးရွာအုပ်စု တစ်အုပ်စုနှင့် ကျေးရွာ ၁၆ ရွာ ပယ်ဖျက်ခြင်း၊ ကျေးရွာအုပ်စု တစ်အုပ်စု အမည်ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ကျေးရွာအုပ်စု တစ်အုပ်စု နယ်နိမိတ်ဧရိယာ ပြင်ဆင်ဖွဲ့စည်းခြင်း တို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာသည်။
ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် စပ်လျဉ်းသည့် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာ အပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (၂/၂၀၁၆) နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမျိုးမြင့် တို့က ပြန်လည် ရှင်းလင်းဆွေးနွေး ကြသည်။

ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က အမိန့် ကြော်ငြာစာ အရ Withholding Tax ဖြတ် တောက်ပေးသွင်းခြင်းမှာ ကြိုတင်ဝင်ငွေခွန် ပေးသွင်းခြင်းဖြစ်ပြီး အခွန် ပေးဆောင်ထားသူ များအနေဖြင့် အပြီးသတ် စည်းကြပ်မှု ခံယူရာတွင် ကြိုတင်ခွန် ပိုမိုပေးသွင်း ထားခြင်းဖြစ်ပါက ခုနှိမ်နိုင်ပြီး ပိုငွေကို ပြန်အမ်းငွေအဖြစ် ရရှိမည် ဖြစ်ပါကြောင်း၊ လျော့နည်း ပေးသွင်းထားခြင်း ဖြစ်ပါက ထပ်မံပေးဆောင် ရမည်ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် လုပ်ငန်းဆောင် ရွက်ခြင်းများတွင် အဖွဲ့အစည်းမှ ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်ပါက Withholding Tax ပေးဆောင်ရန် မလိုအပ်ဘဲ ပစ္စည်းဝယ်ယူခြင်းများ အပေါ် (၃)သိန်း ကျော်လွန်ပါက ကြိုတင် ၀င်ငွေခွန် ၂ ရာခိုင်နှုန်း ဖြတ်တောက် ပေးသွင်းရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ကိုယ်တိုင် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ကန်ထရိုက်တာ၊ ထပ်ဆင့် ကန်ထရိုက်တာ များဖြင့် လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပါက ၎င်းတို့အား ပေးချေငွေအပေါ် ကြိုတင်ဝင်ငွေခွန် ဖြတ်တောက် ပေးသွင်းရမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင် ရွက်ရာတွင် ပြင်ပ ပုဂ္ဂလိကများထံမှ ပစ္စည်းဝယ်ယူခြင်းများအတွက် ငွေကျပ် ၃ သိန်းအထက် ပေးချေငွေများကို တည်ဆဲ ၀င်ငွေခွန် ဥပဒေနှင့် အမိန့်ကြေညာစာ များအရ Withholding Tax ဖြတ်တောက် ပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုး ရေးရန်ပုံငွေဖြင့် မြို့နယ်များ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ ကန့်သတ်ချက်များကို ၀ိုင်းဝန်း ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်း များအပေါ် ၂ ရာခိုင်နှုန်း ကြိုတင် ၀င်ငွေခွန် ပေးဆောင်ရာတွင် လတ်တလော ကြုံတွေ့နေရ သည့် အခက်အခဲ၊ ကန့်သတ်ချက်များ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ်အလိုက် ပြည်တွင်း အခွန် ဦးစီးဌာနက ပူးပေါင်းဖြေရှင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအပေါ် ၂ ရာခိုင်နှုန်း ကြိုတင်ဝင်ငွေခွန် ဖြတ်တောက်ခြင်းကို ကင်းလွတ်ခွင့်ပြုရန် ကိစ္စမှာ အခြားသော ပုဂ္ဂလိက၊ အဖွဲ့အစည်း၊ ဌာနများ၏ ကြိုတင် ၀င်ငွေခွန် ဖြတ်တောက် ပေးသွင်းစေခြင်းတို့ နှင့်ဆက်စပ် နေသည့်အတွက် သီးခြားပြန်လည် ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်သင့် ပါကြောင်း ရှင်းလင်း တင်ပြသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမျိုးမြင့်က စာရင်းစစ်များသည် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းမှ ကိစ္စအလိုက် ချမှတ် ထားသည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ စစ်ဆေးရသူများ ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့် မညီသော ကိစ္စများကို နားလည်မှုနှင့် ဖြေလျှော့မျက်ကွယ်ပြု၍ မရပါကြောင်း၊ ပကတိ အခြေအနေ ဖြစ်ရပ်ကို စစ်ဆေး၍ တင်ပြရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘော ထားမှတ်ချက် အစီရင်ခံစာ (၂/၂၀၁၆) ကို အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ ကို ပူးပေါင်းကော်မတီ တွဲဖက် အတွင်းရေးမှူး ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာ မြတ်ဥာဏစိုးက ဖတ်ကြားတင်ပြပြီး ပြည်ထောင်စု လွှတ်တော် နာယက က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
ထို့နောက် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ်အတွက် စာရင်းစစ် အတည်ပြုပြီးသည့် အမှန်စာရင်း(Actual)များ နှင့်စပ်လျဉ်းသည့် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၅/၂၀၁၆) ကို ပူးပေါင်း ကော်မတီအဖွဲ့ဝင် ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးသိမ်းဆွေက ဖတ်ကြားတင်ပြပြီး ပြည်ထောင်စု လွှတ်တော်နာယက က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာ သည်။
ယင်းနောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ် ဒုတိယ(၆)လ စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များနှင့် အရေးယူ ဆောင်ရွက် ပြီးစီးမှုများ အစီရင်ခံစာ အပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၃/၂၀၁၆) နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ပါဝင်ဆွေးနွေးကြသည်။
အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေနှင့် သတ္ထုတွင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင် တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ပြည်ထောင်စု လွှတ်တော် နာယက က ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (၃/၂၀၁၆) ကို အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပထမအကြိမ် လွှတ်တော် သက်တမ်းကာလ အတွင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက် ချက်များ နှင့်စပ်လျဉ်း၍ သုံးသပ်အကြံပြုချက် အစီရင်ခံစာကို ပူးပေါင်းကော်မတီအဖွဲ့ဝင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်က ဖတ်ကြားတင်ပြရာ လွှတ်တော်က မှတ်တမ်း တင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက က ကြေညာသည်။
ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေပါ နိုင်ငံတော်၏ အရအသုံး စာရင်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၄/၂၀၁၆) နှင့်စပ်လျဉ်း၍ မင်းကင်း မဲဆန္ဒနယ်မှ ဒေါ်ခင်မွှေးလွင်က ဆွေးနွေးသည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းဝေး ၃၉ ရက် မြောက်နေ့ကို ဇန်န၀ါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

Credit To >>> MOI
[ဆက်လက်ဖတ်ရှုရန်...]

နိုင်ငံတော်အကြီးအကဲတာဝန်ပြောင်းလဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

- 0 comments
ရုံးအမှတ်(၁၈)အစည်းအဝေးခန်းမတွင် ဆွေးနွေးနေစဉ် (PHOTO >>> MOI)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၊ နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အသွင် ကူးပြောင်းရေး အဖွဲ့တို့ အကြား ဒုတိယ အကြိမ် ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ရုံးအမှတ်(၁၈)၊ အစည်းအဝေး ခန်းမတွင် ၂၀၁၆ခုနှစ် ဇန်န၀ါရီလ ၂၆ရက်နေ့က ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီမှ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၊ ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အသွင်ကူးပြောင်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်၊ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ မျိုးအောင်နှင့် ဒေါက်တာ အောင်သူတို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
အစည်းအဝေးတွင် နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းသည့် အခမ်းအနား ကျင်းပမည့် အစီအစဉ် လျာထားချက်များ၊ ဝန်ကြီးဌာန အချို့၏ ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ တာဝန်လွှဲပြောင်းမှု အဆင်ပြေ ချောမွေ့ရေး ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များ၊ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ဖေဖော် ဝါရီလအတွင်း နှစ်ဘက် ညှိနှိုင်း ကျင်းပနိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

MNC
[ဆက်လက်ဖတ်ရှုရန်...]

“ရမည်းသင်းမဘသအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း”

- 0 comments
“ရမည်းသင်းမဘသအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း”
============================================







ရမည်းသင်းမြို့၊ ရွှေကူရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၁)စုတို့ ပြန်လည်ထူထောင်ရေးအတွက် ရမည်းသင်းမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက် ရေးအဖွဲ့က အလှူငွေ(၁၁)သိန်းကျပ်နှင့် ရန်အောင် မင်းကျောင်းစာသင်တိုက်က တစ်အိမ်ထောင်လျင် ဆန်(၁၁)ပြည် ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို (25-1-2016)ရက် ညနေ(5:00)က နေရာချထားရေးရှိရာ ရှင်မှာလိုက်ဘုရားဝင်းအတွင်း၌ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မဘသအဖွဲ့ သံဃာတော်များ၊ မီးဘေးကယ်ဆယ်ရေး နေရာချထားရေးနဲ့ပြန် လည်ထူထောင်ရေးအဖွဲ့များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အဖွဲ့များ၊ မြို့မအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ် ကြက်ခြေနီအဖွဲ့များနှင့်၊ မီးဘေးသင့်ပြည်သူများ တက်ရောက်ကြပါတယ်။
ရှေးဦးစွာ မဘသသံဃာတော်များက မီးဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး ထောက်ပံ့အလှူငွေ ကျပ်(၁၁)သိန်းနှင့် ဆန်(၅)အိတ်တို့ကို မြို့နယ်မဘသအဖွဲ့၏ ဘေးအန္တရာယ်ကယ်ဆယ်ရေး ပရဟိတအကျိုးဆောင် ကိုကျော်သီဟ (ခ) ရမည်းသင်းဝေဠုကျော် (မိုဘိုင်းစီးတီး ဖုန်းဆိုင်)က ပေးအပ်လှူဒါန်းရာ ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် မီးဘေးသင့်ပြည်များက လက်ခံရယူပါတယ်။
ထို့နောက် မြို့နယ်မဘသအဖွဲ့နှင့် ပြန်လည်ထူထောင်ရေး တာဝန်ရှိသူများသည် မီးဘေးသင့်(၁၁)အိမ်တို့အား သိန်း(၂၀)ကျော်တန် အိမ်တစ်လုံးစီ မကြာမီတည်ဆောက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးကြကာ မြို့နယ် မဘသအဖွဲ့က နောက်ထပ်လည်း လိုအပ်သလို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ရွှေကူရပ်ကွက်၌ (21-1-2016)ရက် ညနေ(4:30)က လျှပ်စစ်ဝါယာမှတဆင့် မီးလောင်ကျွမ်းခဲ့ရာ အိမ်ထောင်
စု (၁၁)စု လူဦးရေး(၉၅)ဦး မီးဘေးသင့်ခဲ့ရပါတယ်။
မင်းကျောင်း-အရှင်စန္ဒောဘာသ ရမည်းသင်း
[ဆက်လက်ဖတ်ရှုရန်...]

ဘာသာပေါင်းစုံသုတေသနအဖွဲ့မှ ဦးဝီရသူနှင့် လာရောက်တွေ့ဆုံမေးမြန်း

- 0 comments

          ရန်ကုန်မြို့တွင် ရုံးဖွင့်လှစ်ထားသော ဘာသာပေါင်းစုံသုတေသနအဖွဲ့မှ မစ္စတာမိုက်ကယ်နှင့်အဖွဲ့ဝင်များသည် ၁၀-၁-၂၀၁၆ရက်နေ့က ဦးဝီရသူနှင့် လာရောက်တွေ့ဆုံ၍ မွတ်စလင်များအပေါ် ရှုမြင်သည့် အမြင်များကို အဓိကမေးမြန်းသွားကြောင်း ဆရာတော်ဦးဝီရသူ၏ ထုတ်ပြန်ရေးသားချက်အရ သိရသည်။
          မစိုးရိမ်တိုက်သစ် ၊ ဓမ္မစေတီယစာကြည့်တိုက်တွင် မစ္စတာမိုက်ကယ်နှင့်အဖွဲ့အား ဆရာတော်ဦးရသူက လက်ခံဆွေးနွေးပြီး မေးမြန်းသည်များကို ပြန်လည်ရှင်းလင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။
          ဆရာတော်၏ ငယ်ဘ၀ဖြစ်စဉ်မှစ၍ မိတ္ထီလာ ၊ မန္တလေး အစရှိသောဒေသများတွင် ဂျီဟဒ်အတွက် မွတ်စလင်များဘက်က ကြိုတင်ပြင်ဆင်ထားပုံ မွတ်စလင်များသည် အတွေးအခေါ်အစွန်းရောက်ရုံမျှမက သူတစ်ပါးကို အကြမ်းဖက်ဖို့လည်း ၀န်မလေးပုံ ၊ လူတစ်ရာသတ်ဖို့အတွက် မိမိအသက်တစ်ချောင်းရင်းဖို့လည်း ၀န်မလေးကြောင်း ရှင်းလင်းပြောဆိုခဲ့သည်ဟု ဆိုသည်။

          ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့အပေါ် အယုံအကြည်မရှိရခြင်းနှင့် ပတ်သက်၍မေးမြန်းရာ `မွတ်လစင်တွေအချုပ်ထဲရောက်ပြီဆိုတော့မှ ရောက်လာကြတာ။ အချုပ်ထဲကနေ ပြန်ထုတ်ဖို့´ လောက်သာ လုပ်ဆောင်ကြခြင်းဖြစ်တဲ့အတွက်ဟု ရှင်းလင်းပြောကြားခဲ့သည်။
          တစ်နာရီခွဲကြား ဆွေးနွေးမှုတွင် မဘသနှင့်ပတ်သက်၍ မေးမြန်းသည်များကို ပြန်လည်ဖြေကြားရာတွင် `မဘသအဖွဲ့က အကြမ်းဖက်တိုက်ခိုက်တာလည်း မရှိဘူး။ အခြားနည်းနဲ့လိုက်ပြီး ညစ်ပတ်တာမျိုးလည်း မရှိဘူး။ ကိုယ့်လူမျိုး အစော်ကားမခံရအောင် ကာကွယ်နေရတာ။ ကိုယ့်လူမျိုး စော်ကားခံရရင်လည်း စော်ကားသူကို ဥပဒေဘောင်ထဲကပဲ ဆုံးမပါတယ်။ 
မူဆလင်တွေမှန်နေရင် မဘသသို ကြောက်စရာမလိုဘူး။
မှန်တဲ့မူဆလင်တွေအတွက် မဘသဟာ အကောင်းဆုံးမိတ်ဆွေပါပဲ။
မဘသကို မကြိုက်တဲ့မြန်မာတွေရှိတယ်ဆိုတာလည်း လက်ခံပါတယ်။ နိုင်ငံရေးအရ ရောပြီး မုန်းကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့လို အလိုမလိုက်ဘဲ ကောင်းရင် ကောင်းသလို ထောက်ခံခဲ့ပေမယ့် မကောင်းတာကိုလည်း ထောက်ပြတာကြောင့် အဝေဖန်မခံနိုင်တဲ့သူတွေက နိုင်ငံရေးနှင့်ရောပြီး မုန်းပစ်လိုက်ကြတာပါ။´ ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍ၊ လူမှုရေး သဟဇာတဖြစ်ရေးတွေကို လေ့လာပြီး သမ္မတ၊ လွှတ်တော်နာယနှင့် ဝန်ကြီးချုပ်တွေထံပေးပို့ကာ ပိုကောင်းတဲ့အစီအစဉ်တွေရေးဆွဲနိုင်ဖို့ ရည်ရွယ်ပြုလုပ်တာလို့ ကိုဇော်မျိုးသက်က ပြောဆိုကြောင်း သိရသည်။


ဘုန်းသန့်
[ဆက်လက်ဖတ်ရှုရန်...]

Monday, January 25, 2016

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ငြိမ်းချမ်းရေးညီလာခံ သြ၀ါဒကထာအပြည့်အစုံ (မြန်မာပြန်)

- 0 comments
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ငြိမ်းချမ်းရေးညီလာခံ သြ၀ါဒကထာအပြည့်အစုံ (မြန်မာပြန်)
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

ဒီနေ့ ကမ္ဘာကြီးရဲ့ အခြေနေဟာ ရုန်းရင်းဆန်ခတ် အနှောက်ယှက်တွေနဲ့ ပြည့်နေပြီး လူတွေ၊ သတ္တ၀ါတွေဟာ အကြောက်တရားနဲ့ နေထိုင်နေကြရတယ်။ လိုချင်တာတွေ ဆုံးရှုံးသွားမှာ ကြောက်နေကြရသလို လိုချင်တာတွေ မရမှာလည်း ကြောက်နေကြရတယ်။ စိတ်ထဲမှာ ဒီလို
အကြောက်တရားမျိုးကို ဖယ်ရှားပြီး ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်မှသာ ကမ္ဘာကြီးဟာ ဆက်ပြီးရှင်သန်နိုင်မယ်။
ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး ကျော်ဇောထင်ရှားတဲ့ ပုဂ္ဂိုလ်အချို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ဒီနေရာမှာ ကိုးကားချင်တယ်။
"ငြိမ်းချမ်းရေး ဆိုတာ နေ့စဉ်၊ အပါတ်စဉ်၊ လစဉ် ဖြစ်ပျက်သွားတဲ့ ဖြစ်စဉ်တစ်ခုပါဘဲ။ သက်တမ်းရင့်နေတဲ့ အတားအဆီးတွေကို တဖြည်းဖြည်းတိုက်စားသွားပြီး ထင်မြင်ယူဆချက်တွေကို ဖြည်းဖြည်းချင်း ပြောင်းလဲပေးမယ်၊ ပြီးတော့ တိတ်တိတ်ကလေး ဘဲ သစ်လွင်တဲ့ ပုံစံသစ်၊ ဖွဲ့စည်းပုံအသစ်တွေကို တည်ဆောက်သွားပါလိမ့်မယ်။ '' (ဂျွန်၊ အက်ဖ်၊ ကနေဒီ)
"ငြိမ်းချမ်းရေး ဆိုတာ အကျပ်ကိုင်ပြီး ထိန်းသိမ်းလို့ မရဘူး၊ နားလည်မှုနဲ့သာ အောင်မြင်အောင် ထိန်းသိမ်းထားနိုင်မှာ
ဖြစ်တယ်။ (အဲလ်ဘတ် အိုင်းစတိုင်း)
''အမှောင်ထုကို အမှောင်ထုနဲ့ မောင်းထုတ်လို့ မရနိုင်ဘူး၊ အလင်းရောင်နဲ့သာ အမှောင်ထု ကို မောင်းထုတ်နိုင်တယ်။
အမုန်းတရားကို အမုန်းတရားနဲ့ မောင်းထုတ်လို့ မရနိုင်ဘူး၊ အမုန်းတရားကို ချစ်ခြင်းမေတ္တာနဲ့သာ မောင်းထုတ်နိုင်တယ်။"
(မာတင်လူသာကင်း)
''ဒေါသ ကို ဒေါသနဲ့ မအောင်မြင်နိုင်ဘူး၊ မေတ္တာတရားနဲ့သာ ဒေါသကိုအောင်နိုင်တယ်။'' (ဗုဒ္ဓမြတ်စွာ)
ဒီကိုးကားချက်တွေကနေ ငြိမ်းချမ်းရေး ဆိုတဲ့ အဓိပ္ပါယ်ကို စိတ်အစဉ်မှာ ကိန်းအောင်းနေတဲ့ ကိလေသာတရားများမှ ကင်းဝေးစင်ကြယ်မှုလို့အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ်။
''ငြိမ်းချမ်းသော'' ဆိုတဲ့ စကားဟာ နေရာတစ်ခုကို အထူးပြုနိုင်သလို စိတ်ကိုလည်းအထူးပြုနိုင်တယ်။ ငြိမ်းချမ်းသောနေရာ သို့မဟုတ် ငြိမ်းချမ်းသော စိတ် ဖြစ်မယ်ပေါ့။ ငြိမ်းချမ်းတဲ့ နေရာတစ်ခုဟာ ငြိမ်းချမ်းတဲ့ စိတ်ဖြစ်အောင် အခြေနေတွေ ဖန်တီးပေးနိုင်သလို၊
ငြိမ်းချမ်းတဲ့စိတ်ကလည်း ငြိမ်းချမ်းတဲ့ နေရာ ဖြစ်အောင် အခြေနေတွေကို ဖန်တီးပေးနိုင်ပါတယ်။
ဒါပေမဲ့ နေရာဒေသတစ်ခုမှာ နေထိုင်သူတွေရဲ့ စိတ်အစဉ်ဟာ ငြိမ်းချမ်းနေမှသာ အဲဒီနေရာဟာ ငြိမ်းချမ်းရေးရရှိမှာဖြစ်ပါတယ်။
ငြိမ်းချမ်းတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းတဲ့ အငွေ့အသက်၊ အခြေနေတွေကို ဖန်တီးပေးတယ်။ အဲဒီ နှစ်မျိုးဟာ အပြန်အလှန်
အညမည သဘောဆောင်နေပါတယ်။
သို့ပေမဲ့ စတင်ပြီး ငြိမ်းချမ်းအောင် ပြုလုပ်ဖို့ လိုတာက မိမိတို့ရဲ့ စိတ်အစဉ်ဘဲဖြစ်ပါတယ်။ ဘာကြောင့်တုန်းဆိုတော့ မိမိတို့ရဲ့စိတ်အစဉ်ကိုငြိမ်းချမ်းအောင် စတင်အားမထုတ်ဘဲနဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်လို့ပါဘဲ။
ပုံစံမျိုးစုံတွေ့ကြုံနေကြရတဲ့ ရုတ်ရင်းဆန်ခတ်ဖြစ်မှု အားလုံးရဲ့ ရင်းမြစ်ဟာ မကောင်းမူ အကုသိုလ်ကံတွေဖြစ်တယ်။ ဒီ အကုသိုလ်ကံတွေဟာစိတ်ပိုင်းဆိုင်ရာ ဖြစ်ရင်ဖြစ်မယ်၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ရင်ဖြစ်မယ်။ အဲဒီ မကောင်းမူ အကုသိုလ်ကံတွေရဲ့ အရင်းမြစ်ကတော့ ''မသိမူ''
အ၀ိဇ္ဇာ နဲ့ ''တွယ်တာတပ်မက်မူ'' တဏှာ၊ အဲဒီ နှစ်ပါးဖြစ်တယ်။
တခါတရံ မကောင်းမူအကုသိုလ်ကံတွေကို မကောင်းမူမှန်းမသိလို့ ပြုမိကြတယ်။ တခါတရံ အဲဒီမကောင်းမူတွေကကိုယ့်အတွက်သာယာတပ်မက်ဖွယ်ကောင်းနေလို့လည်း ကျူးလွန်မိတတ်ကြတယ်။ ''အ၀ိဇ္ဇာ နဲ့ တဏှာ'' တို့ရဲ့ ဦးဆောင်မူနဲ့ လူတွေဟာ ဆင်းရဲမူဘ၀သံသရာမှာ တ၀ဲလည်လည် လည်ပတ်နေကြရတယ်။ အဲဒီ အ၀ိဇ္ဇာနဲ့ တဏှာ ရင်းမြစ်နှစ်ခုကို ပညာလက်နက်နဲ့ ဖြတ်တောက်ပစ်နိုင်ပါတယ်။ ပဋိဝေဓ ပညာလို့ခေါ်တဲ့ ကိုယ်တိုင်ထိုးထွင်းသိမြင်နိုင်တဲ့ ပညာရရှိဖို့တော့ တည်ဆောက်ယူဖို့လိုအပ်ပါတယ်။
ပြီးတော့ သတိပဋ္ဌာန်တရား (၄) ပါးကို ပွားများအားထုတ်ခြင်းဖြင့် အဲဒီ အ၀ိဇ္ဇာ၊ တဏှာဆိုတဲ့ ဆင်းရဲမူရင်းမြစ် နှစ်ခုကို အားအင်ချိနဲ့စေပြီး နောက်ဆုံးမှာ မိမိတို့ဟာ အမြစ်ပြတ် ပယ်ရှားပစ်နိုင်ပါလိမ့်မယ်။ သတိပဋ္ဌာန် တရားဟာ ပညာကို တိုးပွားစေတယ်၊ အဲလိုတိုးပွားလာတဲ့ပညာဟာ မသိမူ (အ၀ိဇ္ဇာ) နဲ့ တွယ်တာတပ်မက်မူ (တဏှာ) ကို အားအင်ချိနဲ့စေပြီး ဖျက်ဆီးဖယ်ရှားပစ်ပါတယ်။ဒါကြောင့်မို့လို့ ရုပ်ပိုင်း၊ နာမ်ပိုင်းဆိုင်ရာ ရုတ်ရင်းဆန်ခတ်ဖြစ်မူ အမျိုးမျိုးက ကင်းဝေးတဲ့ ငြိမ်းချမ်းရေး ကို ပညာဖြင့်သာ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ပညာဆိုတာ တွေ့ကြုံနေသမျှ အရာတွေကို ပုဂ္ဂလိက အစွဲတွေမပါဘဲ ဖြစ်ပေါ်နေတဲ့ သဘာဝအတိုင်း မှန်ကန်စွာသိမြင်မူကို ဆိုလိုပါတယ်။
အကယ်၍ အရာဝတ္ထု တစ်ခုကို ပုဂ္ဂလိကအစွဲတွေနဲ့ ''ငါ့ဟာဘဲ၊ သူ့ဟာဘဲ " စသည်ဖြင့်ရူမြင်မယ်ဆိုရင် အဲလိုရူမြင်သူမှာ အတ္တစွဲသဘောထားအမြင် ဖြစ်ပေါ်လာပါတယ်။ အဲလို အတ္တဗဟိုပြုတဲ့ သဘောထားအမြင်နဲ့ သူဟာ လုပ်သမျှ သူ့အတွက် ဘဲလုပ်တော့တယ်။ ဒီလိုလုပ်ပါများလာတဲ့အခါ သူ့ရဲ့ စိတ်အစဉ်မှာ ''ကြင်နာသနားမူ၊ ကိုယ်ချင်းစာတရား'' စတဲ့ ကောင်းမွန်တဲ့ အရည်အသွေးတွေ ဆုံးရှုံးသွားရ
ပါတယ်။ အဲဒီ ပုဂ္ဂိုလ်ရဲ့ သူ့ ပတ်ဝန်းကျင်က လူတွေ၊ သတ္တ၀ါတွေကို အကြင်နာမဲ့စွာ ဆက်ဆံမူတွေဟာ သူနေထိုင်တဲ့ လူ့အဖွဲ့စည်းမှာ ငြိမ်းချမ်းရေး ပျက်ပြားစေဖို့အတွက် ကြီးမားတဲ့ အနှောက်ယှက် အတားအဆီးတွေဖြစ်လာပါတယ်။ အဲဒီလိုဘဲ လူတစ်ယောက်ရဲ့ စိတ်အစဉ်မှာ ဖြစ်ပေါ်နေတဲ့ ကရုဏာ ဆိုတဲ့ ကြင်နာမူဟာ သူနေထိုင်ရာ လူ့အဖွဲ့စည်းမှာ ငြိမ်းချမ်းရေးကို ဖန်းတီးပေးသလို တိုးပွားခိုင်မာစေပါတယ်။
ဒါကြောင့် ဒီနေရာမှာ သတိပြုစရာက ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး ဖန်တီးတဲ့သူဆိုတာ "ကရုဏာနဲ့ ပညာ'' ဒီနှစ်ပါးနဲ့ ပြည့်စုံတဲ့သူသာ ဖြစ်တယ်ဆိုတာပါဘဲ။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ လို့ခေါ်တဲ့ ဗြာဟ္မ၀ိဟာရတရားတွေ မိမိတို့ရဲ့ စိတ်အစဉ်မှာ ကိန်းအောင်းတည်ရှိနေမှသာလျှင် ကမ္ဘာကြီးဟာ
အမှန်တကယ် ငြိမ်းချမ်းရေး ရရှိဖို့ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ ဗြာဟ္မ၀ိဟာရတရားတွေ မရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်အစဉ်ဟာ ရုတ်ရင်းဆန်ခတ်ဖြစ်နေပြီးအဲဒီ ရုတ်ရင်းဆန်ခတ်ဖြစ်မူဟာ အလွန်ကူးစက်လွယ်တဲ့ ရောဂါတစ်ခုလို သူ့ပတ်ဝန်းကျင်ကို ကူးစက်ပြန့်နှံ့သွားမှာဖြစ်ပါတယ်။ အဲဒီ ဗြာဟ္မ၀ိဟာ
ရတရားတွေကိုသာ ပွားများနေမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အခြားသူတွေအပေါ်မှာ ထိခိုက်နာကျင်မူဖြစ်စေတဲ့ ဆက်ဆံမူမျိုးတွေကို ရှောင်ကြဉ်ပြီးသူတို့ကို အကူညီပေးမဲ့ ပုဂ္ဂိုလ်ဖြစ်လာပါလိမ့်မယ်။ အမှန်တော့ ဗြာဟ္မ၀ိဟာရ တရားတွေကို ပွားများနေထိုင်ခြင်းဟာ အခြားသူတွေကို ကိုယ်နဲ့
ထပ်တူပြုပြီး နေထိုင်ခြင်းဖြစ်ပါတယ်။ မိမိကိုယ် မိမိ ချမ်းသာအောင် ပြုမူသလိုမျိုးဘဲ အခြားသူတွေကိုလည်း ချမ်းသာအောင် ပြုမူဆက်ဆံခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူတိုင်းဟာ ဒီလို စိတ်အရည်သွေးမျိုးသာ ရှိနေကြမယ်ဆိုရင် ကမ္ဘာကြီးဟာ ဘယ်လောက် ငြိမ်းချမ်းနေမလဲဆိုတာ
စိတ်ကူးကြည့်နိုင်ပါတယ်။
အချို့ပုဂ္ဂိုလ်တွေရဲ့ စိတ်အစဉ်ကို ဘယ်အရာကမှ အေးငြိမ်းနေတဲ့အခြေနေကနေဖောက်ပြန်သွားအောင် မပြု နိုင်ဘူး။ ငြိမ်းချမ်းမူဟာ ဒီလို ပုဂ္ဂိုလ်တွေမှာ အမြဲရှိနေတဲ့ စိတ်အရည်အသွေးတစ်ခုဖြစ်တယ်။ ဗုဒ္ဓဘာသာအသုံးနူန်းအရ ဒီပုဂ္ဂိုလ်တွေကို ''အရဟတ္တ'' ညဏ်အလင်းရရှိသွားတဲ့သူတွေ၊ ရဟန္တာပုဂ္ဂိုလ်တွေလို့ ခေါ်တယ်။ သူတို့ရဲ့ ဗောဓိဥာဏ် အလင်းတန်းဟာ အဆုံးစွန်သော ငြိမ်းချမ်းမူဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒီလို နိဗ္ဗာန်ချမ်းသာဆိုတဲ့ အငြိမ်းဓါတ်ကြီးကို မျက်မှောက်ပြုခြင်းဟာ ရဟန္တာပုဂ္ဂိုလ်တွေရဲ့စိတ်အစဉ်ကို ငြိမ်းအေးစေပြီး သူတို့ကို ဖူးတွေ့ကြရတဲ့သူတိုင်း ငြိမ်းအေးမူကို ခံစားကြရပါတယ်။
သို့သော်လည်း ပတ်ဝန်းကျင်က လူတွေ၊ အရာဝတ္ထုတွေရဲ့ နှောက်ယှက်ဖျက်ဆီးမူတွေကြောင့် လူတစ်ယောက်ရဲ့စိတ်ဟာ ဖောက်ပြန်ပြောင်းလဲသွားမယ်ဆိုရင်တော့ အဲဒီလူဟာ အဆုံးစွန်သော ငြိမ်းချမ်းမူဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ဦးတည်လျှောက်လှမ်းဖို့ ခက်ခဲသွားပါလိမ့်မယ်။
ဒါကြောင့်မို့ မိမိတို့ဟာ ပထမဆုံး မိမိ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းတဲ့ ကမ္ဘာဖြစ်အောင် ဖန်တီးဖို့လိုအပ်ပါတယ်။ ဒီလိုဖန်တီးဖို့ မိမိတို့ရဲ့ စိတ်အစဉ်မှာ ငြိမ်းချမ်းမူတည်ဆောက်ခြင်းဖြင့် စတင်ရပါမယ်။ အစမှာတော့ အားကောင်းမှာမဟုတ်သေးဘူး၊ တဖြည်းဖြည်း ပွားများအားထုတ်ခြင်းဖြင့် မိမိတို့ရဲ့ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားစေနိုင်အောင် အားကောင်းလာပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
အဲလို ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးမှာ မိမိတို့ဟာ ပျော်ရွှင်ငြိမ်းချမ်းစွာနေထိုင်ကြပြီး ဘယ်အရာကမှ နှောက်ယှက်ဖျက်စီးလို့ မရနိုင်တဲ့ အဆုံးစွန်ဆုံး
ငြိမ်းချမ်းမူဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ရန် ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒါဟာ ဓမ္မလမ်းစဉ်ရဲ့ပန်းတိုင်ဖြစ်ပြီး ဒီလမ်းစဉ်အတိုင်းလျှောက်လှမ်းကြဖို့လိုပါတယ်။ ဗုဒ္ဓမြတ်စွာက "ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ'' "ကောင်းစွာ ပွားများအားထုတ်ထားတဲ့ တရားတော်ဟာ ချမ်းသာပျော်ရွှင်မူကို ဖြစ်စေတယ်'' လို့ ဟောကြားတော်မူခဲ့ပါတယ်။
ဆရာတော်အနေနဲ့ ဒီ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေးညီလာခံကြီးဟာ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် အကူညီပေးလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ တွေ့ဆုံဆွေးနွေးခြင်း၊ ဗဟုသုတ၊ အတွေ့ကြုံ၊ အတွေးအမြင်တွေကို မျှဝေခြင်းဖြင့် အားလုံးရဲ့ တူညီသောပန်းတိုင်ဖြစ်တဲ့ "ငြိမ်းချမ်းရေး'' ပန်းတိုင်သို့ အတူလက်တွဲကာအားထုတ်ရွက်ဆောင်ကြရမည်ဖြစ်ပါကြောင်း ။ ။
ကျေးဇူးတင်လျက်။
၂၂- ဇန်န၀ါရီလ-၂၀၁၆
ဒေါက်တာ နန္ဒမာလာဘိဝံသ
(ဘာသာပြန်ရေးသားပူဇော်သူ-----Bhikkhu Kesara)
Credit-----Bhikkhu Kesara
[ဆက်လက်ဖတ်ရှုရန်...]

ဆန္ဒရှိဖို့သာ အဓိကပါ

- 0 comments
ဆန္ဒရှိဖို့ သာ အဓိကပါ
--------------------

ကားတီထွင်ခဲ့တဲ့ ဟင်နရီဖို့ဒ်ဟာ ပညာရေးမှာ မူလတန်းအဆင့်ပဲသင်ဖူးတယ်။

အင်ဒရူးကာနယ်ဂျီဆိုတဲ့ သန်းကြွယ်သူဌေးကြီးဟာ
လေးနှစ်ပဲ စာသင်ခဲ့ဘူးတယ်။

အမေရိကန် သမ္မတအဆက်ဆက်မှာ အတော်ဆုံးသမ္မတ
ဖြစ်တဲ့ လင်ကွန်းဟာ ငယ်စဉ်က ဘော့လ်ပင်ဖိုး
မတက်နိုင်လို့  မီးသွေးခဲနဲ့ စာရေးခဲ့ရတယ်။

ကမ္ဘာကျော် ဘောလုံးမင်းသားကြီး ပီလီဟာ ငယ်စဉ်က ကော်ဘောလုံးဖိုးတောင်မတက်နိုင်လို့ 
မျက်တွေကို ဘောလုံးလို လုပ်ပြီး လေ့ကျင့်ခဲ့ရတယ်။

အက်ဒီဆင်ဟာ မီးကို တွေ့ ရှိဖို့ အတွက် အကြိမ်ပေါင်း နှစ်ထောင်ကျော် စမ်းသပ်ခဲ့ရတယ်။

အိုင်းစတိုင်းဟာ အနုမြူကို တွေ့ ဖို့အတွက် အဲဒီအကြောင်းအရာ တခုတည်းကိုပဲ နှစ်ပေါင်းများစွာ
စဉ်းစားပီ စမ်းသပ်ခဲ့ရတယ်။

တရုပ်မင်း ကုဗလိုင်ခန်ဟာ မြန်မာပြည်ကိုသိမ်းလို့ 
ဘာသာသာသနာအတွက် စိုးရိမ်စရာအနေကို
ရောက်ရှိလာခဲ့တယ်။ အဲဒီအခြေအနေမှာ
ပီကင်းကို သံတမန်ကြွပြီး ကူဗလိုင်ခန်ဆီကို
ငြိမ်းချမ်းရေးတရားဟောလို့  ဗုဒ္ဓဘာသာတို့ ရဲ့
ဘာသာ သာသနာ ပျောက်ကွယ်နိုင်တဲ့ အခြေအနေ ကနေလွတ်မြောက်လာခဲ့တယ်။ ငြိမ်းချမ်းရေး ကြွတဲ့ ရဟန်းတော် ပညာရှိကြီး ဦးကျည်ပွေ့ ဆိုတာ တချိန်က ငရုပ်ကျည်ပွေ့သာ အတက်ပေါက်မယ်
စာမတက်တော့ဘူးလို့  ချိုးနှိမ်ဆက်ဆံခံခဲ့ရဘူးတယ်။
ဒါပေမဲ့  သူဟာဗုဒ္ဓဘာသာ ကွယ်ပျောက်မဲ့ဘေးကနေ
ကယ်တင်နိုင်တဲ့ပညာရှိကြီးဖြစ်ခဲ့တယ်။

ဗုဒ္ဓက
အရာရာဟာ ဆန္ဒကသာ အဓိကလို့  ဟောပြီးသား။

ဒါ့ကြောင့် အလုပ်လုပ်လို့  ပျက်ဆီးတိုင်း
စိတ်မညစ်နဲ့ ။ လဲရင် ပြန်ထ။ အောင်မြင်သူတိုင်းမှာ မလဲဘူးတဲ့သူမရှိဘူး။

လဲတာက အရေးမကြီး။ ဘူးပြန်ထနိုင် မထနိုင်တာကသာအရေးကြီးတာ။

ပညာမတက်တာ ၊ ပိုက်ဆံမရှိတာ ၊ လဲကျတာက
ကိုယ့်အလုပ်မဟုတ်ဘူး။

ပြန်ထဖို့ နဲ့ ၊ ဇွဲရိဖို့ သာ ကိုယ့်အလုပ်

အဲဒါ ဗုဒ္ဓ ပြောခဲ့တာ

ဦးမြင့်ခိုင် - စိတ်ပညာ
[ဆက်လက်ဖတ်ရှုရန်...]

ထိုင်းနိုင်ငံတွင် သေဒဏ်ပေးခံထားရသည့် ကလေးငယ်နှစ်ဦးအတွက် ဆန္ဒဖော်ထုတ်မှုများကို ဥပဒေအထက်မှ တားဆီးနေ

- 0 comments

          ထိုင်းနိုင်ငံ ၊ ကော့စမွီခရိုင်တရားရုံးမှ မျက်မြင်သက်သေထင်ရှားခြင်းမရှိ ၊ DNA မမှန်ကန်သော အမှုတွင် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်းတို့အား သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် မတရားသော ပြစ်ဒဏ် ၊ မြန်မာနိုင်ငံသားနှစ်ဦးကို ဓားစာခံလုပ်သည်ဟုယုံကြည်ချက်ဖြင့် ဆရာတော်ဦးပါမောက္ခဦးဆောင်သော အမျိုးသားရေးအင်အားစုများမှ အပတ်စဉ် ဆန္ဒဖော်ထုတ်တောင်းဆိုရန် စီစဉ်ထားကြောင်း သိရသည်။ ယနေ့ ၂၄-၁-၂၀၁၆ ရက် တနင်္ဂနွေနေ့တွင် ကြေးသွန်းဘုရားကြီးရှေ့မှ ထိုင်းသံရုံရှေ့ထိ ဆန္ဒဖော်ထုတ်ရန် ငြိမ်း/စု/စီ ဥပဒေနှင့်အညီ လျှောက်ထားသော်လည်း ခွင့်ပြုပေးခဲ့ခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံသားနှစ်ဦးလွတ်မြောက်ရေးဆန္ဒဖော်ထုတ်မှုများနှင့်ပတ်သက်၍ ချုပ်ခြယ်ကန့်သတ်နေမှုများအား သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မကွေးပရိယတ္တိစာသင်တိုက်တွင် ကျင်းပဆောင်ရွက်ခဲ့ကြသည်။
          သတင်းစာရှင်းလင်းပွဲတွင် ဆရာတော်ဦးအင်္ကုရမှ ` ယခင်တစ်ပတ် ပြည်လမ်းမ ၊ ပြည်သူ့ရင်ပြင်ရှေ့ကနေ အလုံလမ်းအထိ ချီတက်ဆန္ဒဖော်ထုတ်ဖို့ တင်ပြခဲ့စဉ်ကလည်း ခွင့်မပြုဘဲ ဗိုလ်စိန်မှန်ကွင်းကိုပို့တယ်။ ဂျောင်ထဲထိုးထည့်တယ်။ ယခုတစ်ပတ်လည်း ဗိုလ်စိန်မှန်ကွင်းမှာပဲ လုပ်ဖို့ ခွင့်ပြုတယ်။ ပြီးတော့ ဆရာတော်ဦးပါမောက္ခကို ဖမ်းဆီးမယ် ဆိုတာမျိုးတွေ ပြောဆိုလာကြတယ်။ ဦးဇင်းတို့ လုပ်ဆောင်နေတာက ဇော်လင်း နှင့် ၀င်းဇော်ထွန်းတို့ လွတ်မြောက်ရေး။ အစိုးရကို တိုက်ခိုက်နေတာလဲ မပါဘူး။ ဘယ်အဖွဲ့အစည်း ဘယ်ပါတီကိုမှလည်း စော်ကားပုတ်ခတ်တာ မပါဘူး။ ဒါပေမယ့် အခုလို အစိုးရအပြောင်းအလဲမှာ ကြားညပ်ခံလို့တော့မဖြစ်ဘူး။ ရှေ့ဆက်ပြီးး စည်းစည်းလုံးလုံးနဲ့ အင်တိုက်အားတိုက် ဖြစ်အောင်အရှိန်ယူပြီး လုပ်ဆောင်သွားကြရမယ်´ ဟုမိန့်ကြားသည်။
          မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ အရှင်တေဇ၀န္တမှလည်း ` ဒီကိစ္စကိုလုပ်လို့ ဆရာတော်ကို ဖမ်းမယ် ဆီးမယ်နဲ့ ပြောနေကြတယ်။ လုပ်ရဲရင်တော့ လုပ်ကြည့်ကြပါ။ ဦးပါမောက္ခကို ထိလာရင်တော့ နည်းနည်းမှ နောက်တွန့်နေမှာမဟုတ်ဘူး။ ဆရာတော်ဟာ တိုင်းရင်းသားပြည်သူတွေရဲ့နစ်နာမှုကို ဖော်ထုတ်ရာမှာ ဘာသာခြား လူလိမ်တွေ ၊ ရဲ နှင့် တရားစီရင်ရေးက မမှန်မကန် လုပ်ဆောင်မှုတွေကို သူ့အကျိုးမပါဘဲ အမုန်းခံပြီး ဖော်ထုတ်ပေးနေတာပါ။ ဆရာတော်ကို တစ်ခုခုလုပ်လာခဲ့ရင် ဆရာတော် လုပ်ဆောင်နေတဲ့ တာဝန်တွေကို တစ်ဗိုလ်ကျ ၊ တစ်ဗိုလ်တက် စနစ်နဲ့ ဆက်လက်လုပ်ဆောင်သွားမှာပါပဲ´ ဟု ရှင်းလင်ပြောဆိုသည်။
          ငြိမ်း/စု/စီ ဥပဒေနှင့်အညီ တင်ပြဆောင်ရွက်နေမှုများကို ချုပ်ခြယ်ကန့်သတ်နေခြင်းနှင့် ပတ်သက်၍ ဦးဝင်းကိုကိုလတ်မှ `ကျွန်တော်တို့တွေ လုပ်ဆောင်ရာမှာ ဥပဒေကို ချိုးးဖောက်ပြီး လုပ်ဆောင်နေတာ မပါသေးးပါဘူး။ ဒီဥပဒေကို စတင်ပြဌာန်းစဉ်က  ငြင်းပယ်ခြင်းကိစ္စတွေ ပါဝင်ပါတယ်။ ၂၀၁၄ ပြည်ထောင်စု လွှတ်တော်ရဲ့ ပြန်လည်ပြင်ဆင်ချက်အရ ငြင်းပယ်ခြင်းးကိစ္စတွေကို ဖြုတ်ပယ်ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ဆန္ဒဖော်ထုတ်တောင်းဆိုရာမှာ လိုလားချက်အတိုင်းပဲဆောင်ရွက်ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ဒေသံသရ လိုအပ်ချက်အရဆိုတဲ့ အကြောင်းပြချက်နဲ့ ယခင်အပတ်ကလည်း တလွဲနေရာချထားပေးခဲ့တယ်။ အခုအပတ်လည်း ဒီလိုပဲ။ ဒေသံသရ အမိန့်တွေက ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းထားတဲ့ ဥပဒေတွေကို လွှမ်းမိုးနေမယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ဆိုတာ မလိုအပ်တော့ဘူးး´လို့ ပြောဆိုလိုက်သည်။
ဆက်လက်လုပ်ဆောင်ရန် ဆွေးနွေးကြရာ ကိုနောင်တော်လေးမှ ` ကျွန်တော်တို့အနေနဲ့တော့ ဥပဒေဘောင်ထဲကဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် ချုပ်ခြယ်ကန့်သတ်မှုတွေ ရှိနေတယ်။ ဒီလိုနည်းနဲ့ချုပ်ခြယ်ကန့်သတ်နေမယ်ဆိုရင် ဇော်လင်း နှင့် ၀င်းဇော်ထွန်းတို့ဟာ ဓားစာခံလုံးလုံး ဖြစ်ရတော့မယ့် အခြေအနေလို့ မြင်ပါတယ်။ အစိုးရအပေါ်ကိုလည်း သံသယရှိစရာဖြစ်လာပါတယ်။ အယူခံ ၀င်ခွင့်ရသည့်တိုင်အောင် အစိုးရနဲ့အပေးအယူလုပ်ပြီး ဓားစာခံအဖြစ်သာထားသွားမယ်ဆိုရင်  လွတ်လမ်းမမြင်ပါဘူး။ ကျွန်တော်တို့ အတိုက်အခံလည်း မဖြစ်ချင်ဘူး။ ပြည်သူကို နှိုးဆော်သတိပေးတဲ့ အလုပ် လုပ်သင့်ပြီလို့ မြင်ပါတယ်။ ဆရာတော်ဦးအင်္ကုရ မိန့်ကြားခဲ့ဖူးပါတယ်။ မေတ္တာရပ်ခံတောင်းဆိုနေတဲ့ နည်းနဲ့ မထိရောက်ရင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်များမသုံးစွဲရေး ကမ်ပိန်းတွေလုပ်ဆောင်ဖို့ ၊ ကျွန်တော့်အနေနဲ့ လုပ်ဆေင်သင့်ပြီလို့ မြင်ပါတယ်။ ပန်းဖလပ်တွေ ရိုက်နှိပ်ပြီး ဇော်လင်း နှင့် ၀င်းဇော်ထွန်းဟာ မတရားသဖြင့် သေဒဏ်ချခံရမည့်ဘေးကို ကြုံတွေ့နေရပြီ။ မြန်မာပြည်သူတွေက ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းတွေကို ၀ယ်ယူအသုံးမပြုခြင်းအားးဖြင့် ထိုင်းရဲများ နှင့် တရားစီရင်ရေး၏ လုပ်ရပ်ကို ဆန့်ကျင်ဖို့ နှိုးဆော်သင့်ပါပြီ´ ဟု ဆွေးနွေးသည်။
          ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ကိုဝင်းဇော်ထွန်းနှင့်အတူ အလုပ်လုပ်ခဲ့ဖူးသော  ဗိုလ်တောက်ဆိုသူကလည်း `ကျွန်တော် ၀င်းဇော်ထွန်းနဲ့အတူ စားသောက်ဆိုင်တစ်ခုမှာ အလုပ်အတူလုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ ကွဲသွားကြတယ်။ အခင်းဖြစ်အခြေအနေနဲ့ပတ်သက်လို့ မပြောနိုင်ပေမယ့် လိပ်ကျွန်းးဟာ တရားဥပဒေစိုးမိုးတဲ့ နယ်မြေမဟုတ်ဘူး။ မားဖီးယားစိုးမိုးတဲ့နယ်မြေပါ။ အလားတူပြဿနာမျိုးတွေ ယခုထက်တိုင် အမှုမှန်မပေါ်တဲ့ ကိစ္စတွေအများကြီးပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ သတ်ဖို့မပြောပါနဲ့။ ဒီလိုလူတွေနဲ့ နီးနီးကပ်ကပ်နေတာမျိုးတောင် မရှိပါဘူး။´ ဟု ဆိုသည်။
          ဒီကနေ ဆန္ဒဖော်ထုတ်တောင်းဆိုတာတွေဟာ ထိုင်းနိုင်ငံအတွင်းက မြန်မာအလုပ်သမားတွေအတွက် အခက်တွေ့စေနိုင်သလားဆိုသည့်အမေးကို `အဲဒါတော့ မဆိုင်ပါဘူး။ ထိုင်းနိုင်ငံအတွင်းမှာက မြန်မာနိုင်ငံသားတွေကို ရက်ရက်စက်စက်သတ်ပြစ်ခဲ့ကြတာမျိုးတွေလည်း  ရှိသလို ၊ ထိုင်းလူမျိုးအချင်းချင်းးတောင်မှ မထင်ရင် မထင်သလို သတ်ပြစ်တာမျိုးတွေ ရှိတယ်။ တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်နေသူတွေအတွက် ဒီအခက်အခဲတွေက အခုမှမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ရှိခဲ့တာပါ။ ယခုကိစ္စနဲ့ပတ်သက်လို့တော့ ပြတ်ပြတ်သားလုပ်ဆောင်သင့်ပါတယ်။ ကျွန်တော်လည်း ရှေ့ဆုံးက ပါဝင်ပါ့မယ်´ ဟု  ပြောကြားသွားခဲ့သည်။
ဦးပါမောက္ခအခြေအနေနှင့် ပတ်သက်၍ စုံစမ်းနေကြဆဲဖြစ်ကြောင်း ၊ ဆရာတော်နှင့်အဆက်အသွယ်မရသေးကြောင်း ၊ ၎င်းတို့အနေဖြင့် စီစဉ်ထားရှိသည့်အတိုင်း အပတ်စဉ်ဆန္ဒဖော်ထုတ်ရန် ဥပဒေနှင့်အညီတင်ပြမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး  ဂျောင်ထဲထိုးထည့်ပြီး ဆန္ဒပြခိုင်းတာမျိုးးကို လုပ်ဆောင်မည်မဟုတ်ကြောင်း ဇော်လင်း နှင့် ၀င်းဇော်ထွန်းတို့ တရားသေလွတ်မြောက်ရေး လိုလားချက်ကိုရောက်အောင် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်သွားမည်ဟုဆိုသည်။

ထက်နေနိုင်


[ဆက်လက်ဖတ်ရှုရန်...]
 
Copyright © . Myanmar National Chronicle - Posts · Comments
Theme Template by BTDesigner · Powered by Blogger