Monday, February 1, 2016

လွှတ်တော်ဥက္ကဌသစ်မှ ဦးရွှေမန်းအား ကျေးဇူးတင်ကြောင်းဆို

- 0 comments
လွှတ်တော်ဥက္ကဌသစ်မှ ဦးရွှေမန်းအား ကျေးဇူးတင်ကြောင်းဆို ၊ လွှတ်တော်အမတ်များအား ဆုံးမ

          ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအဖြင့် မဲအသာရရှိခဲ့သော NLD ပါတီမှ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် ၎င်းတို့ပါတီမှ ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ယနေ့ ၁-၁-၂၀၁၆ရက်နေ့တွင် စတင်ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်မှ ` ဒီလွှတ်တော်အစည်းအဝေးကြီးကို ခေါ်ယူပေးတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်များရဲ့ စားရေး သောက်ရေး၊ နေရေးထိုင်ရေး၊ သွားရေးလာရေး အစစအဆင်ပြေအောင် ကြိုတင်မြော်တွေး ဆောင်ရွက်ပေးတဲ့ နာယကကြီးသူရဦးရွှေမန်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောကြားအပ်ပါတယ်ခင်ဗျား။´ ဟု ဦးရွှေမန်းအား ကျေးဇူးတင်စကားဆိုသည်။
            ၎င်း၏ အမှာစကားတွင် ` လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်နှင့်အညီ မိမိ တို့ရဲ့ အပြောအဆို၊ အပြုအမူ၊ အနေ အထိုင်တွေကလည်း အလွန်အရေးကြီးလှပါတယ်။ မိမိတို့ရဲ့ တွေးခေါ် ကြံဆပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံ တွေဟာ ဒီမိုကရေစီကျင့်စဉ်များ လူ့အခွင့်အရေးစံနှုန်းများကို ခံစားစံစား လိုကြတဲ့ နိုင်ငံသူနိုင်ငံသားတွေ အတွက် စံနမူနာကောင်းတွေဖြစ်စေချင်
ပါတယ်။ တစ်ဦးနဲ့ တစ်ဦးသဘော ထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန် နားလည်မှုရှိခြင်း၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးကိုသယ်ပိုး ကြစေလိုပါတယ်။ တစ်ဦးနဲ့ တစ်ဦးရင်းနှီးချစ်ကြည်စွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရှင်သန်ခိုင်မာဖို့နဲ့ လူ့အခွင့်အရေးများ
မြှင့်တင်နိုင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု
တည်ဆောက်နိုင်ဖို့ စသည်တို့ကိုအတူတကွ လက်တွဲပူးပေါင်းအကောင်
အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော်ပါတယ်။´ဟု ပြောကြားခဲ့သည်။
`ကျွန်တော်တို့အားလုံးဟာ ကိုယ်ကျိုးစီးပွားထက် အမျိုးသားအကျိုး စီးပွားကို ဦးစားပေးကာ မိမိတို့ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် မိမိတို့ရဲ့ဂုဏ်သိက္ခာ ကို မြင့်မားစေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်း စာမျက်နှာသစ်ကို ဖွင့်ခွင့်ရကြသူများပီပီ လွှတ်တော်ကြီးရဲ့ဂုဏ်ဒြပ် ပိုမိုမြင့်မားပြီး တင့်တယ်လာအောင် စွမ်းဆောင်ကြစေလိုပါတယ်။´ ဟု ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌသစ် ဦးဝင်းမြင့်က ဆိုသည်။
ယနေ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များကျမ်းသစ္စာကျိန်ဆိုကြပြီး လွှတ်တော်ပုံမှန်အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဥာဏ်ထွန်း နှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့ တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။


MNC
[ဆက်လက်ဖတ်ရှုရန်...]
 
Copyright © . Myanmar National Chronicle - Posts · Comments
Theme Template by BTDesigner · Powered by Blogger